Monday, August 28, 2017

အကြမ်းဖက်မှု မဖြစ်ပွားမီ PRE-INCIDENT INDICATORS များ

အကြမ်းဖက်မှုတွေတိုင်းမှာ Pre-incident indicators တွေ ရှိတတ်ပါတယ်။ အကြမ်းဖက်မှုဆိုတာ ကောက်ခါငင်ခါ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတစုဟာ ဒါကို ကြိုတင်ပြင်ဆင်ပြီးမှ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာမှာ အကြမ်းဖက်မှုရဲ့ ဖြစ်ပွားမှု ပုံစံ၊ ပစ်မှတ်ရွေးချယ်မှု၊ လူအင်အား အသုံးပြုမှု၊ လက်နက်အင်အားနဲ့ အကြမ်းဖက်သမားတွေရဲ့ ပြုမူတဲ့ ပုံစံတွေကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းပေါ်မှာ မူတည်ပြီး သိသာပါတယ်။ အကြမ်းဖက်ထောက်လှမ်းရေး ဆန်းစစ်သူတွေဟာ ဘယ်လို အဖွဲ့အစည်းတွေ၊ ဘယ်လိုလူတွေက ဘယ်လို သဏ္ဍာန်မျိုးတွေနဲ့ အကြမ်းဖက်မှုကို ကျူးလွန်တတ်တယ်ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် သိနေရင် အကြမ်းဖက်သမားတွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ်ဖို့ လွယ်ကူပါတယ်။ အကြမ်းဖက်သမားတွေဟာ ပစ်မှတ်ကို ရွေးချယ်ပြီးတဲ့အခါ အသုံးပြုမယ့် လက်နက်အင်အား၊ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူ၊ လိုအပ်မယ့် လူအင်အား စတာတွေကို ရွေးချယ် ပြင်ဆင်တတ်လေ့ရှိပါတယ်။
PRE-INCIDENT INDICATORS
ယေဘုယျအားဖြင့် အမျိုးအစား (၃) မျိုးရှိပါတယ်။
• အကြမ်းဖက်အုပ်စုနှင့် ဆိုင်သော အမျိုးအစား
• ပစ်မှတ်နှင့် ဆိုင်သော အမျိုးအစား
• အကြမ်းဖက်မှုနဲ့ ဆိုင်သော အမျိုးအစား
(၁) အုပ်စုနှင့် ဆိုင်သော Pre-incident indicators များ
• အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိသိသာသာ ထောက်ခံအားပေးမှု သဏ္ဍာန်များ
• သံသယဖြစ်ဖွယ် လှုပ်ရှားဆောင်ရွက်မှုများ
• အချိန်ကာလ တခုကို လိုအပ်သည်ထက် ပို၍ ဇောင်းပေး ပြောဆိုမှုများ
(၂) ပစ်မှတ်နှင့် ဆိုင်သော Indicators များ
မည်သည့် အကြမ်းဖက်အုပ်စုမှန်း မသိသာ မထင်ရှားပါက ပစ်မှတ်နှင့် ပတ်သက်သော Pre-incident indicators ကို ဆက်နွယ် ဖော်ထုတ်သင့်ပါတယ်။
• ပစ်မှတ်နေရာများ၊ လူပုဂ္ဂိုလ်များအား ခြိမ်းချောက်မှုများ
• ပစ်မှတ်ဝန်းကျင်မှ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ
(၃) ဖြစ်စဉ်နှင့် ဆိုင်သော Indicators များ
• နိုင်ငံရေး အကျပ်အတည်း ဆိုက်မှုများ
• အကြမ်းဖက်မှုကို ထောက်ခံအားပေးသော ၀ါဒဖြန့်ချိမှုများ ပျံ့နှံ့နေခြင်း
• ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ
• ပစ်မှတ်အနေဖြင့် မူမမှန်သော လှုပ်ရှားမှုများကို ကြိုတင်သတိပြုမိနိုင်သော်လည်း သေချာစွာ မဆန်းစစ်ချက်၊ လျစ်လှူ ရှုခြင်း (ဥပမာ- ဒိုမီနီကန် ရီပတ်ဘလစ် သံရုံးအား အမ်- ၁၉ အဖွဲ့က မတိုက်ခိုက်မီက ခွေးများ အသတ်ခံရခြင်း)
သုံးသပ်ဆန်းစစ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း
• indicators များအား ဖော်ထုတ်ခြင်း
• ဖြစ်ပွားမှု ပုံစံများအား ဖော်ထုတ်ခြင်း
• မည်သည့် အက်ရှင်မှ မစတင်မီ ကြိုတင်ဆန်းစစ်ခြင်း
• indicators များအား သံသယဖြစ်ဖွယ် အုပ်စုများနှင့် ချိန်ဆ ဆန်းစစ်ခြင်း
• သတင်းအချက်အလက်များအား ပြန်လှန်စစ်ဆေးခြင်း
• ဒေသအလိုက်ပျံ့နှံ့နေသော အကြမ်းဖက်အုပ်စုများနှင့် ယှဉ်တွဲလေ့လာခြင်း
• အုပ်စုများ၏ ယခင်လုပ်ကိုင်ဆောင်ရွက်မှုပုံစံများနှင့် ယှဉ်တွဲလေ့လာခြင်း
• သံသယဖြစ်ဖွယ် အုပ်စုများ၏ လုပ်ကိုင်နိုင်စွမ်းကို စစ်ဆေးခြင်း
• သုံးသပ်ချက်ထုတ်ခြင်း၊ လိုအပ်သလို ပြင်ဆင်ညှိနှိုင်းခြင်း
ခင်မမမျိုး

အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ Database တည်ဆောက်ခြင်း

 (၁) အကြမ်းဖက်မှုအား ဖြစ်ပွားမှုဖြစ်စဉ်များအနေဖြင့် စုစည်းခြင်း
(၁၉၄၆) ခုနှစ်ကနေ (၁၉၈၀) ခုနှစ်အတွင်းက နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပညာရှင်တွေက လေ့လာကြည့်ကြရမှာ အကြမ်းဖက်မှုတွေဖြစ်စဉ်တွေရဲ့ သဘောသဘာဝတွေဟာ သာမန်မှုခင်းဖြစ်စဉ်တွေနဲ့ ကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီသဘောသဘာဝတွေကတော့
• အကြမ်းဖက်မှု ဖြစ်ပွားတဲ့ အချိန်ဟာ တိုတောင်းပါတယ်
• အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်မှာ အာဏာပိုင်တွေဘက်က လှုပ်ရှားမှုတွေက သာမန်လုပ်ရိုးလုပ်စဉ်ပဲ ရှိပါတယ်
• အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်မှာ သတိပြုမိနိုင်ဖို့ ခဲယဉ်းပါတယ်
• အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေက သာမန်မှုခင်းကျူးလွန် တတ်သူတွေထက် ပိုပြီး ပိရိသေသပ်ပါတယ်
• အကြမ်းဖက်သမားတွေဟာ လူထုအတွင်းမှာ မြှုပ်ပြီး နေထိုင်လေ့ ရှိပါတယ်
• သာမန်ရာဇ၀တ်မှုခင်းတွေလို စုံစမ်းစစ်ဆေးရတာ မလွယ်ကူပါဘူး
• အကြမ်းဖက်အဖွဲ့အစည်းတွေဟာ များသောအားဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ နိုင်ငံတော်က ပံ့ပိုးတဲ့ အကြမ်းဖက်မှုတွေမှာသာ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ အစိုးရတွေ ဖြစ်နေတတ်ပါတယ်။
• အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပါအ၀င် အတိုက်အခံ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးပါတီတွေအားလုံးက ထောက်ခံအားပေးမှု လိုအပ်ပါတယ်။ ထောက်လှမ်းရေး၊ ထောက်ပို့၊ စိတ်ဓာတ်စစ်ဆင်ရေး ဌာနတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးဆုံးပါပဲ။
(၂) အကြမ်းဖက်မှုများအား ပြုမူဆောင်ရွက်မှု သဏ္ဍာန်များဖြင့် စုစည်းခြင်း
အကြမ်းဖက်မှု လေ့လာတဲ့ ပညာရှင်တွေနဲ့ လေ့လာဆန်းစစ်ရေး တာဝန်ရှိသူတွေအတွက် အကြမ်းဖက်မှုကို ကျူးလွန်တတ်တဲ့ သဏ္ဍာန်တွေနဲ့ ကြိုးကိုင်တတ်တဲ့ အဖွဲ့အစည်းတွေ၊ လူတွေရဲ့အကြောင်းကို တွဲစပ် လေ့လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတွဲစပ်လေ့လာမှုတွေကနေ အကြမ်းဖက်သမားတွေကို ဖော်ထုတ်အရေးယူနိုင်သလို အကြမ်းဖက်မှုနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ လှုပ်ရှားသူတွေကို စောင့်ကြည့် စုံစမ်းနိုင်ပါတယ်။ အုပ်စုလိုက်ကျူးလွန်လေ့ရှိတဲ့ မှုခင်းတိုင်းမှာ အုပ်စုတခုချင်းစီအလိုက် သီးခြားသဏ္ဍာန်တွေ ရှိတတ်ပါတယ်။ ဖောက်ထွင်းမှုတွေ ဖြစ်တဲ့အခါမှာ ကျူးလွန်တဲ့ သဏ္ဍာန်နဲ့ ခြေရာလက်ရာတွေကို ကြည့်ပြီး အပိုင်ရဲစခန်းတွေနဲ့ နယ်ထိန်းတွေက တရားခံကို ခြေရာခံလေ့ရှိပါတယ်။ အကြမ်းဖက်မှုတွေမှာလဲ ဒီအတိုင်းပါပဲ။ ပစ်မှတ်ရွေးချယ်မှု၊ ဗျူဟာအခင်းအကျင်း၊ သင်တန်းပို့ချမှု၊ လက်နက်ရွေးချယ်မှု၊ ရယူမှုနဲ့ အသုံးပြုမှု၊ ပူးတွဲချိတ်ဆက်မှု၊ ပြစ်မှုကျူးလွန်တတ်တဲ့ အချိန်အခါ စတာတွေကို လေ့လာပြီး ဆက်စပ်မယ့် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြေရာလက်ရာကို ဖော်ထုတ်နိုင်ပါတယ်။
အော်ပရေးရှင်းတခုချင်းစီမှာ အသုံးပြုတတ်တဲ့ အဖွဲ့ငယ်တွေရဲ့ အရွယ်အစားကို လေ့လာပြီးတော့လဲ ကြိုးကိုင်အဖွဲ့တွေကို လေ့လာဆန်းစစ်လို့ရပါတယ်။ ဥပမာ- Italian Red Brigades ရဲ့ လုပ်ကြံသတ်ဖြတ်ရေး အော်ပရေးရှင်းတွေမှာ သုံးယောက်အသုံးပြုလေ့ရှိပါတယ်။ နှစ်ယောက်က လုပ်ကြံသူတွေဖြစ်ပြီး၊ တယောက်က ကာဗာပေးဖို့ ဖြစ်ပါတယ်။ ဂျာမန် အာအေအက်ဖ်ကတော့ ဗုံးခွဲမှုတွေမှာ လေးယောက်သုံးပြီး၊ ပြန်ပေးဆွဲတဲ့အခါမှာ အနည်းဆုံးငါးယောက်သုံးတတ်ပါတယ်။ ပါလက်စတိုင်းလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့မှာတော့ လူငါးဦးပါပါတယ်။ တယောက်က စောင့်ကြည့်လေ့လာသူ၊ တယောက်က ဆက်သွယ်ရေးတာဝန်ခံဖြစ်ပြီး ကျန်သုံးဦးကပဲ လုပ်ကြံမှုမှာ ပါဝင်ပါတယ်။ ဒီသဏ္ဍာန်ကို ဂျော်ဒန်ဝန်ကြီးချုပ် လုပ်ကြံမှုနဲ့ ရောမက အစ္စရေးသံအမတ်အိမ်ကို ဗုံးခွဲတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။
အဖွဲ့အရွယ်အစားနဲ့ ပတ်သက်ပြီး အမှားအယွင်းတွေကနေ သင်ခန်းစာယူသွားတာတွေလဲ ရှိပါတယ်။ ဥပမာ- Japanese Red Army ဟာ လူကိုးဦးပါတဲ့ အဖွဲ့ငယ်ကို အသုံးပြုပြီး လေယာဉ်ပြန်ပေးဆွဲခဲ့ဖူးပါတယ်။ လေယာဉ်ရဲ့ နောက်ဆုံး ခရီးဆိုက်ရာနေရာမှာ သူတို့အားလုံး အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ သတင်းအစအန ပျောက်သွားခဲ့ပါတယ်။ ဒီနောက်ပိုင်းကတည်းက ဂျောအာအေ အဖွဲ့ဟာ အော်ပရေးရှင်းတခုမှာ လူငါးဦးထက် ပိုပြီး အသုံးမပြုတော့ပါဘူး။
တခါတလေကျတော့ အဖွဲ့တွေကို ပူးတွဲလေ့ကျင့်ပေးတဲ့အခါ လေ့ကျင့်တဲ့ စခန်းပေါ်မူတည်ပြီး သဏ္ဍာန်ကွဲပြားတတ်ပါတယ်။ ပါလက်စတိုင်းနဲ့ ဂျပန်တွေ ပါဝင်တဲ့ အဖွဲ့ငယ်တခုဟာ အမ်စတာဒမ်အထွက်မှာ လေယာဉ်ပြန်ပေးဆွဲပြီး၊ လေယာဉ်ကို လစ်ဗျား Benghazi မှာ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖျက်ဆီးမိန့်ကို ဆွစ်ဇလန်ကနေ အကြမ်းဖက်တာဝန်ခံတွေက အမိန့်ပေးခဲ့ကြတာပါ။ ၁၉၇၆ ခုနှစ်တုန်းက ဂျာမန်နဲ့ ပါလက်စတိုင်း တွေ ပါဝင်တဲ့ အကြမ်းဖက်အဖွဲ့တခုဟာ ပြင်သစ်လေကြောင်းပိုင်လေယာဉ်တစင်းကို ပြန်ပေးဆွဲဖူးပါတယ်။ ဒီအဖွဲ့ဟာ ဆိုမားလီးယားမှာ အခြေစိုက်တဲ့ PFLP leader Wadi Hadad နဲ့ တိုက်ရိုက်ဆက်သွယ်ခဲ့ကြပါတယ်။ ပြန်ပေးဆွဲမှုမှာ BSO, PFLP, JRA, and RAF စတဲ့ အဖွဲ့အစည်းတွေ ပါဝင်ခဲ့ကြပြီး၊ အဖွဲ့ဝင်တွေကို လက်ဘနွန်၊ ဂျော်ဒန်နဲ့ ရေမင်တောင်ပိုင်းက တော်လှန်ရေးစခန်းတွေမှာ သင်တန်းပေးခဲ့ကြတာပါ။ ဒါကြောင့် အကြမ်းဖက်နှိမ်နင်းရေးမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်ပဲ အရေးကြီးပါတယ်။
အကြမ်းဖက်သမားတွေဆီမှာ အိုင်ဒီယိုလော်ဂျီ မတူညီမှုတွေ၊ နည်းဗျူဟာ ချမှတ်မှု ကွဲပြားတာတွေ၊ ပူးပေါင်းဆောင်ရွက်မှုနည်းပါးတာတွေ ရှိနေတယ်ဆိုပေမယ့် လေ့ကျင့်သင်ကြားပုံတွေ၊ လှုပ်ရှားမှုတွေမှာ တူညီတဲ့ သဏ္ဍာန်တွေ ရှိနေတတ်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ ပုံတူကူးချမှုတွေ ရှိတတ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေအကြားမှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သတင်းဖလှယ်မှုရှိသလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာလဲ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရေးတွေ ရှိပါတယ်။ အပြန်အလှန် ပံ့ပိုးထောက်ခံမှုတွေ ရှိပါတယ်။ ပါလက်စတိုင်း လေယာဉ်ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာ တခြားအဖွဲ့အစည်းတချို့ရဲ့ ပုံတူကူးချပြီးလေယာဉ်ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ဖူးပါတယ်။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားက ဆက်နွယ်မှုတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပြီး၊ ပုံစံတူအကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် ကာကွယ်လို့ ရနိုင်ပါတယ်။
(၃) ဆန်းစစ်မှု ယူနစ်အား ပြောင်းလဲခြင်း
ကနဦးအကြမ်းဖက်မှုလေ့လာရေး ပရိုဂရမ်တွေမှာ ဖြစ်ပွားမှုဖြစ်စဉ်တွေကို အဓိကထားပြီး လေ့လာဆန်းစစ်တတ်ကြပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို အကြမ်းဖက်လုပ်ရပ်တွေကို လေ့လာကြည့်ပြီး နားလည်သိနိုင်မယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ဖြစ်ပွားမှုဖြစ်စဉ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အကြောင်းရင်းမဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာရခြင်းဟာ သက်ဆိုင်ရာ အကြမ်းဖက်အုပ်စုရဲ့ ရည်မှန်းချက်ပန်းတိုင်၊ စွမ်းရည်၊ တောင့်တမှုတွေနဲ့ လှုံ့ဆော်မှုတွေကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေဟာ ကောက်ခါငင်ခါ ပေါ်ထွက်လာတာမဟုတ်ပါဘူး။ လူတဦးတယောက် (သို့မဟုတ်) လူတစုကနေ ကြိုတင်ပြင်ဆင် စုစည်းပြီးမှ အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။ ဖြစ်ပွားပုံ၊ ပစ်မှတ်၊ လက်နက်ရွေးချယ်မှု၊ လူအင်အားနဲ့ လှုပ်ရှားအဖွဲ့ငယ်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ သက်ဆိုင်ရာ အဖွဲ့ရဲ့ သဘောသဘာဝပေါ်မှာ မူတည်ပါတယ်။ ပစ်မှတ်ကို ရွေးချယ်ပြီးတဲ့အခါမှာ လက်နက်ရွေးချယ်မှုနဲ့ လူအင်အားဟာ ပစ်မှတ်ပေါ်မှာ မူတည်လာလေ့ရှိပါတယ်။ အတိတ်က ဖြစ်ပွားပုံတွေကို ကြည့်ပြီး ထပ်တူဖြစ်လာမယ်လို့တော့ ယူဆလို့ မရပါဘူး။ ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံရေးစနစ်မြှင့်တင်ရေး၊ ပစ်မှတ်တွေရဲ့ တိုက်ခိုက်ခံရနိုင်မှု အခွင့်အလမ်းလျော့ပါးစေရေးနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်တွေ မဖြစ်အောင် လူထုအနေနဲ့ ရှောင်ရှားသတိထားနိုင်မယ့် နည်းလမ်းတွေကို ပညာပေးထားခြင်းတွေဟာ အနာဂတ်အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် အကျိုးရှိပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်မှုကို ထောက်ခံအားပေးနိုင်ဖွယ်ရှိသူတွေကို လေ့လာ ဆန်းစစ်တဲ့အခါ စွမ်းရည်နဲ့ စေ့ဆော်မှု နှစ်ခု ဘက်ညီမှုရှိနိုင်လား ဆိုတာကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ တချို့အဖွဲ့အစည်းတွေမှာ အကြမ်းဖက်မှုကို ထောက်ခံလိုတဲ့၊ အကြမ်းဖက်မှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုလိုတဲ့ စေ့ဆော်မှုတွေ ရှိနေတတ်ပေမယ့် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ ဒါကြောင့် စွမ်းရည်နဲ့ စေ့ဆော်မှု ဘက်မညီတဲ့ အဖွဲ့အစည်းတွေကို အချိန်ကုန်၊ ငွေကုန်ခံပြီး စုံစမ်းနေဖို့ မလိုအပ်ပါဘူး။ ဆကာတင်ရွေးချယ်ပြီး စုံစမ်းထောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် ဖြစ်ပွားပြီးခဲ့တဲ့ ဖြစ်စဉ်တွေက အကျိုးပိုရှိပေမယ့်၊ အကြမ်းဖက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျတော့ ကျူးလွန်နိုင်မယ့် အလားအလာရှိသူတွေကို မကျူးလွန်ခင် တားဆီးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒီလို ခွဲခြားသိနိုင်ဖို့က ဆန်းစစ်မှုယူနစ်ကို ဖြစ်စဉ်ဆန်းစစ်ချက်ကနေ ပြုမှုဆောင်ရွက်မှုသဏ္ဍာန်ဆန်းစစ်ချက်ကို ပြောင်းလဲမှ ရပါမယ်။ လေ့လာဆန်းစစ်သူတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ အရွယ်အစား၊ လုပ်ဆောင်နိုင်စွမ်း၊ စေ့ဆောင်ချက်၊ ပန်းတိုင်၊ နိုင်ငံတကာအစိုးရနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး၊ ဘဏ္ဍာရေးထောက်ပံ့နေတဲ့ နိုင်ငံတွေ၊ လှုပ်ရှားမှု ကွန်ယက်တွေကို ဂရုပြုစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ဒီလို ဆန်းစစ်လေ့လာတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကတော့
• လုပ်ကိုင်ဆောင်ရွက်မှုစွမ်းရည်နှင့် အိုင်ဒီယိုလော်ဂျီ
• လေ့ကျင့်သင်ကြားပေးမှုနှင့် သင်တန်းပြီးကာလ ဖြစ်ပွားမှုဖြစ်စဉ်များ၊ ပစ်မှတ်ရွေးချယ်မှုသဏ္ဍာန်၊ ကြိုတင်စီမံချက်နှင့် ပြင်ဆင်ခြင်းတို့အတွက် ပေးသော အချိန်
• အောင်မြင်မှုနှင့် ဆုံးရှုံးမှုများအတွက် အဖွဲ့အစည်းဆိုင်ရာ သဘောထား
• အကြမ်းဖက်အုပ်စုများအတွင်းမှ အကွဲအပြဲများ
• စွမ်းရည်သစ်များကို အသုံးပြုနိုင်သည့် အမြန်နှုန်း
• မြေအောက်ဖွဲ့စည်းမှုသဏ္ဍာန်၊ လုံခြုံရေးအခြေအနေ၊ အမိန့်ပေးမှု၊ မြေအောက်အဖွဲ့များအကြားမှ ဆက်သွယ်ရေး
• အဖွဲ့အစည်းနှင့် ထောက်ခံအားပေးသူများ အကြားမှ ဆက်နွယ်မှုများနှင့် ပြင်ဆင်လှုပ်ရှား အကောင်အထည်ဖော်မှုများအပေါ် သက်ရောက်မှုများ
စတာတွေပဲ ဖြစ်ပါတယ်။
(၄) Database တည်ဆောက်ခြင်း
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး Database တည်ဆောက်နိုင်မှုဟာ အကြမ်းဖက်မှု နှိမ်နင်းရေး အောင်မြင်နိုင်စေမယ့် သော့ချက်ပါပဲ။ Database ရှိခြင်းအားဖြင့် ကွဲပြားခြားနားနေတဲ့ သတင်း အပိုင်းအစလေးတွေကို စုစည်းထားနိုင်ခြင်း၊ လေ့လာဆန်းစစ်ချက်များအတွက် အလွယ်တကူ ပြန်လည် အသုံးပြုနိုင်ခြင်း၊ သတင်းအချက်အလက်များအား သဏ္ဍာန်ချမှတ် စုစည်းထားခြင်းဖြင့် ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် စီမံချက်များအတွက် အထောက်အကူပြုခြင်း၊ ပြစ်မှုကျူးလွန်တတ်သူများ၊ ပြစ်မှုကျုးလွန်ရန်အလားအလာရှိသူများ၏ ကိုယ်ရေး အချက်အလက်များကို သိုလှောင်ထိန်းသိမ်းထားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
တချို့ database တွေမှာတော့ ဆန်းစစ်ချက် framework တွေ ချမှတ်ပေးမှုနဲ့ ကနဦးသတင်းအချက်အလက် ဆွဲထုတ်ယူနိုင်မှု တွေကိုပါ လုပ်ဆောင်လို့ ရပါတယ်။ တည်ဆောက်ထားတဲ့ database မှာ သတင်းအချက်အလက်များ ထပ်မံထည့်သွင်းနိုင်မှု၊ ကမ္ဘာသုံးဘာသာစကားညွှန်ကြားချက်တွေ ထည့်သွင်းထားရင် နိုင်ငံတကာ အကြမ်းဖက်မှုတွေ ဖော်ထုတ်ရေးအတွက် အကျိုးရှိပါတယ်။
(၅) Data ဒီဇိုင်း
နိုင်ငံတကာအကြမ်းဖက်မှု နှိမ်နင်းရေးတွေမှာ အများဆုံးအသုံးပြုလေ့ရှိတဲ့ သတင်းအချက်အလက် ဒီဇိုင်းတွေမှာ
• အဖွဲ့အစည်းဖိုင်များ (အဖွဲ့အစည်းသဘောသဘာဝ၊ ခေါင်းဆောင်မှု၊ အိုင်ဒီယော်လော်ဂျီ၊ ပန်းတိုင်၊ လုပ်ဆောင်မှုစွမ်းရည်နှင့် ဆိုင်သော သတင်းအချက်အလက်များ)
• ဖြစ်စဉ်ဖိုင်များ (အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်သွားသော သားကောင်အရေအတွက်၊ အသုံးပြုလက်နက်ခဲယမ်း၊ အချိန်၊ နေရာ၊ အကြမ်းဖက်မှုမဖြစ်ပွားမီ သံသယဖြစ်ဖွယ်များ)
• ကိုယ်ရေးအချက်အလက်ဖိုင်များ (အကြမ်းဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်တဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ၊ လူမှုပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ)
• နိုင်ငံဖိုင်များ ( အကြမ်းဖက်အဖွဲ့အစည်းအား သက်ဆိုင်ရာနိုင်ငံများမှ ထောက်ခံအားပေးမှုများ၊ ဆန့်ကျင်မှုများနှင့် နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင်မှု အခြေအနေ)
စတာတွေ ဖြစ်ပါတယ်။
(၅.၁) GROUP PROFILE/CODEBOOK
အဖွဲ့အစည်းတွေကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ အောက်ပါသတင်းအချက်အလက်များကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■ နိုင်ငံရေးအတွေးအခေါ်နှင့် ပန်းတိုင်
■ လှုပ်ရှားနိုင်ငံများ
■ အစိုးရများနှင့် ဆက်နွယ်မှုများ
■ အခြေချစခန်းများ
■ အခြားအုပ်စုများနှင့် ဆက်နွယ်မှုများ
■ ဌာနချုပ်နှင့် သင်တန်းပေးသော နေရာများ
■ အဖွဲ့ဝင်အင်အား
■ ထောက်ခံ သူအင်အားနှင့် လူသစ်စုဆောင်းမှု
■ ခေါင်းဆောင်မှု
■ ပါဝင်ဆောင်ရွက်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ
■ အသုံးပြုလေ့ရှိသော လက်နက်များ
■ အသုံးပြုလေ့ရှိသော ဖောက်ခွဲရေးပစ္စည်းများ
■ ဆက်သွယ်ရေးကိရိယာများ
■ အချက်ပေးစနစ်
■ လုံခြုံရေး
■ အသုံးပြုလေ့ရှိသော ယာဉ်များ
■ ၀ါဒဖြန့်ချိရေး
■ ထောက်လှမ်းရေး
■ ဌာနဆိုင်ရာ ထိုးဖောက်စည်းရုံးနိုင်မှု
■ ယောင်ပြအလုပ်အကိုင်
■ ဘဏ္ဍာရေးအခြေအနေ
■ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှု
■ ပစ္စည်းခဲယမ်း ပံ့ပိုးမှု
■ အပေးအယူလုပ်မှုသဏ္ဍာန်။
(၅-၂) INCIDENT PROFILE/CODEBOOK
အကြမ်းဖက်မှုခင်းဖြစ်စဉ်တွေကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ အောက်ပါသတင်းအချက်အလက်များကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■ဖြစ်စဉ်အမျိုးအစား
■နေ့စွဲ၊ အချိန်
■ နေရာ
■ ပါဝင်သောအဖွဲ့အစည်း
■ လှုပ်ရှားအဖွဲ့ငယ်အင်အား
■ အကြမ်းဖက်မှု ဖြစ်ပွားပုံ
■ သားကောင်အရေအတွက်နှင့် အခြေအနေ
■ သားကောင်များ၏ အလုပ်အကိုင်၊ နိုင်ငံသား၊ လူမျိုးစု
■ဖြစ်ပွားချိန် လုံခြုံရေး အခြေအနေ
■ ပျက်စီးဆုံးရှုံးမှု အတိုင်းအာ
■ အသုံးပြုလက်နက်
■ အသုံးပြုဖောက်ခွဲရေး ပစ္စည်း
■ သက်ဆိုင်ရာအစိုးရ၏ တုန့်ပြန်မှု
■မှုခင်း မဖြစ်ပွားမီ သံသယဖြစ်ဖွယ်များ
■အနှစ်ချုပ်
(၅-၃) BIOGRAPHICAL PROFILE/CODEBOOK
ပြစ်မှုကျူးလွန်သူတွေနဲ့ ကြိုးကိုင်တဲ့ အဖွဲ့အစည်းတွေ၊ ထောက်ခံပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တဦးချင်းကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ အောက်ပါသတင်းအချက်အလက်များကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■ အမည်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာဇာတိ
■ သွင်ပြင်ရုပ်လက္ခဏာ
■ အသုံးပြုစာရွက်စာတမ်း
■ ပါဝင်သော အဖွဲ့အစည်းများ
■ ကျင်လည်ရာနေရာဒေသများ
■ယာဉ်
■ ထင်ရှားအမှတ်အသား
■ကျန်းမာရေးနောက်ကြောင်းရာဇ၀င်
■စိတ်ပိုင်းဆိုင်ရာ အခြေအနေ
■ အလုပ်အကိုင်နှင့် အဖွဲ့တွင်းတာဝန်
■ တက်ရောက်ထားသော သင်တန်းများနှင့် ကျွမ်းကျင်မှု
■ခရီးသွားလာမှုအခြေအနေ
■ ဖမ်းဆီးခံရဖူးခြင်း ရှိပါက အမှုဖြစ်စဉ်နောက်ကြောင်းရာဇ၀င်နှင့် အဆက်အသွယ်များ
(၅-၄) COUNTRY PROFILE/CODEBOOK
နိုင်ငံတွေကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အောက်ပါသတင်း အချက်အလက်များကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■ လှုပ်ရှားလက်နက်ကိုင်အဖွဲ့အစည်းများ
■ သက်ဆိုင်ရာနိုင်ငံမှ အကြမ်းဖက်မှုဖြစ်စဉ်များ
■ အဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်
■ အကြမ်းဖက်နှိမ်နင်းရေး အခြေအနေ
■ အကြမ်းဖက်မှုများအား ထောက်ခံခြင်း ရှိမရှိ
■ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် လူထုသဘောထား
ခင်မမမျိုး

Friday, August 25, 2017

Policy Development and Review Skill Workshop 3

Ten day (14-23 August, 2017) Policy Development and Review Skill Workshop is organized by Myanmar Institute of Peace and Security Studies (MIPSS) and facilitated by Daw Khin Ma Ma Myo, U Maw Tun Aung (NRGI), U WintHtal Kaung Myat  and U Hkun Oakkar (PNLO) at Royal Star  Hotel, Taunggyi Shan State. Participants are from 7 State and Yangon Region of Civil Society Organizations and those who are interested in policy development and supported in peace process .









ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်

လူတဦးတယောက်ရဲ့အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှုအရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ပညာသင်ယူခြင်း နည်းလမ်းကိုကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ပညာသင်ကြားရေးနဲ့သင်ယူရေးသုတေသန နယ်ပယ်က ပညာရှင်တွေကအဆိုပြုထားခဲ့ကြပါတယ်။ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာလူတယောက်ဟာ ဒီပညာရပ်ကိုအပေါ်ယံ လေ့လာသင်ယူခြင်းနည်းလမ်း (Surfaceapproach to learning) ကိုအသုံးပြုသလား၊ နက်ရှိုင်းစွာလေ့လာသင်ယူခြင်း နည်းလမ်း(Deepapproach to learning) ကိုအသုံးပြုသလားဆိုတာကို သိရင်ဒီလူရဲ့ အတွေးအခေါ်နဲ့အရည်အချင်းကို လေ့လာအကဲဖြတ်လို့ရနိုင်ပါတယ်။

အပေါ်ယံလေ့လာသင်ယူခြင်း

ပညာရပ်တခုကိုလေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတတ်သူများဟာအဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ဘွဲ့လက်မှတ်ရရှိရေး၊ပညာရပ်တပိုင်းတစကို ရေတိုမှာလိုသလို ဆွဲသုံးနိုင်ရေးစတဲ့ ရည်ရွယ်ချက် ရှိသူများဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကိုရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင်လုပ်နိုင်သူများ မဟုတ်ပဲ၊ရေသာခို လှေကြုံစီးတတ်သူများဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက်လေ့လာသင်ယူခြင်းဆိုတာအလွတ်မှတ်မိခြင်းနဲ့မှတ်ထားတာတွေကို မှတ်ထားတဲ့အတိုင်း ပြန်ပြောနိုင်ခြင်းဖြစ်ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့လေ့လာသင်ယူခြင်းဆိုင်ရာဗျူဟာတွေကတော့ လေ့လာရမယ့်စာအုပ်စာပေထဲက ကောင်းနိုးရာရာအချက်အလက်တွေကို စွဲထုတ်ပြီး၊အလွတ်မှတ်မိနေအောင်ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။လေ့လာနေတဲ့ ပညာရပ်ကိုကျွမ်းကျွမ်းကျင်ကျင်နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။အလွတ်ကျက်မှတ်ခြင်းကိုပဲပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာသဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်းမရှိပဲ၊ ဦးနှောက်ထဲမှာပညာတွေ ကျန်ဖို့ထက်စာမေးပွဲအဖြေလွှာပေါ်မှာရေးချလိုက်နိုင်ဖို့ကိုသာအာရုံစိုက်လေ့ ရှိကြပါတယ်။

ပညာရေးဆိုင်ရာလေ့လာသူ Entwistleနဲ့Martonတို့ကတော့ပညာလေ့လာသင်ယူခြင်းဆိုတာအလွတ်မှတ်မိခြင်းလို့ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာပညာရပ်တွေကို အပေါ်ယံပဲလေ့လာတတ်လေ့ရှိတာကြောင့်သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲသိနားလည်ခြင်း မရှိကြဘူးလို့ဆိုထားခဲ့ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများဟာပညာရပ်ရဲ့ အခြေခံသဘောတရားတွေကိုလေ့လာတာထက် စာမေးပွဲမှာပါနိုင်မယ့် မေးခွန်းတွေမှာအဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲကြိုပြီး တွေးလေ့ရှိကြပါတယ်။စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာကျရှုံးမှာကို အလွန်ပဲစိုးရိမ်ပူပန်တတ်ကြပါတယ်။ပညာလေ့လာသင်ယူနေချိန်တွေမှာလဲပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေဖြစ်နေတတ်ပါတယ်။

နက်ရှိုင်းစွာလေ့လာသင်ယူခြင်း

နက်ရှိုင်းစွာလေ့လာသင်ယူခြင်းနည်းလမ်းကိုအသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ပညာရပ်တခုကို လေ့လာတဲ့အခါမှာဒီပညာရပ်နဲ့ ပတ်သက်တဲ့စာမေးပွဲတွေ အောင်ဖို့နဲ့ရေတိုအသုံးချနိုင်ရေးကိုပဲအာရုံထားလေ့ မရှိကြပါဘူး။ဒီပညာရပ်ကို အသေးစိတ်၊နက်နက်ရှိုင်းရှိုင်းနားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ဒီပညာကို အသုံးပြုပြီးလက်တွေ့မှာ ဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေ၊ ပြဿနာတွေကိုအဖြေရှာနိုင်ဖို့ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ပညာသင်ယူခြင်းအပေါ်မှာပျင်းရိငြီးငွေ့ခြင်း မရှိပဲပညာရပ်တွေကို တဆင့်ချင်းစနစ်တကျ လေ့လာသင်ယူကြပါတယ်။ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

ပညာလေ့လာသင်ယူခြင်းမှာဖြတ်လမ်းလိုက်တတ်တဲ့အကျင့်ဆိုးဟာ မိမိကိုယ်တိုင်ကိုသာမကအများကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ဥပမာ-နိုင်ငံတွေရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုindicatorsတွေပေါ်မှာအခြေခံပြီး Multivariateanalysis လုပ်တယ်ဆိုပါစို့။ ပညာလေ့လာသင်ယူမှုမှာဖြတ်လမ်းလိုက်တတ်သူဟာဒီလိုဆန်းစစ်ချက်စာတမ်းတချို့ကို ဖတ်မှတ်၊ အရေးပါတဲ့အချက်တွေကို ဆွဲနှုတ်ပြီး၊ဒီအကြောင်းကို သိသယောင်ယောင်နဲ့တတ်ယောင်ကား လုပ်လေ့ရှိပါတယ်။ဒါပေမယ့် ဒီလိုလေ့လာဆန်းစစ်ချက်လုပ်နိုင်မယ့်အခြေခံသဘောတရားတွေဖြစ်တဲ့variableapproximations, dimension reductions, linear combinations forseparation, Higher-dimensional approximations, allocation rules,misclassification စတာတွေကိုသဘောမပေါက်တဲ့ အခါကျတော့လက်တွေ့ပြုလုပ်ရတဲ့ အခါမှာကိုးရို့ကိုးယားတွေထွက်လာတတ်ပါတယ်။

သိပ္ပံပညာရပ်မှာပဲဖြစ်ဖြစ်၊၀ိဇ္ဇာ ပညာရပ်မှာပဲ ဖြစ်ဖြစ်အခြေခံသဘောတရားတွေကိုကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲဖြတ်လမ်းလိုက် ဆရာလုပ်လိုသူတွေများလာတဲ့အခါ သက်ဆိုင်ရာပညာရပ်နယ်ပယ်မှာသာမက၊ပညာရပ်နဲ့ လက်တွေ့ဆက်စပ်နေတဲ့အသုံးချမှု နယ်ပယ်တွေမှာပါကသောင်းကနင်း ဖြစ်နေတတ်ပါတယ်။ဖြတ်လမ်းလိုက်ခြင်းဟာလူတဦးတည်းအတွက်သာမကအများပြည်သူကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ ဒါကြောင့် နက်ရှိုင်းစွာလေ့လာသင်ယူခြင်း နည်းလမ်းကိုပညာလေ့လာသူအများက အသုံးပြုကြဖို့အလွန်ပဲ အရေးကြီးလှပါတယ်။

နက်ရှိုင်းစွာလေ့လာသင်ယူခြင်းဟာ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်ချက်တရပ်ဖြစ်တဲ့higher-orderthinking (အတွေးအခေါ်အဆင့်အတန်း မြင့်မားမှု)ကိုလဲထောက်ကူပေးနိုင်ပါတယ်။အတွေးအခေါ် အဆင့်အတန်းမြင့်မားသူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ အိုင်ဒီယာတွေကိုအစဉ်အလာ ဓလေ့ထုံးစံကြောင့်ဆိုပြီးတော့လဲ လက်ခံလေ့မရှိပါဘူး။ဘယ်သူပြောတဲ့ အဆိုအမိန့်စကားဆိုပြီးတော့လဲ မျက်စိမှိတ်ယုံကြည်လေ့မရှိပါဘူး။ အိုင်ဒီယာသဘောတရားတွေကိုစနစ်တကျလေ့လာပြီးမှလက်ခံကျင့်သုံးလေ့ရှိကြပါတယ်။လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမှုရှိမရှိပြန်လှန်သုံးသပ်လေ့ရှိကြပါတယ်။ပြဿနာတွေရဲ့ အရင်းအမြစ်တွေကိုရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ကြိုးစားလေ့ရှိကြပါတယ်။အတွေးအခေါ်သစ်တွေကိုကြံဆရှာဖွေလေ့ရှိကြပါတယ်။ဝေဖန်ဆန်းစစ်ခြင်း (Criticalthinking) ကိုကျင့်သုံးလေ့ရှိကြပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင်နက်ရှိုင်းစွာ သင်ယူလေ့လာခြင်းကိုအသုံးပြုသူတွေရဲ့ အရည်အချင်းဟာအပေါ်ယံသင်ယူလေ့လာခြင်းကိုအသုံးပြုသူတွေရဲ့ အရည်အချင်းတွေထက်ရေရှည်မှာ ပိုမိုတိုးတက်ကောင်းမွန်တတ်တာကြောင့်နက်ရှိုင်းစွာ သင်ယူလေ့လာသူတွေများပြားတဲ့ လူအဖွဲ့ အစည်းဟာအာဂုံဆောင် အလွတ်ကျက်ပြီးအပေါ်ယံသင်ယူလေ့လာသူတွေများပြားတဲ့ လူ့အဖွဲ့ အစည်းထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။ဒါကြောင့် ပညာသင်ယူခြင်းနည်းလမ်းနှစ်သွယ် ခွဲခြားမှုကို အသုံးပြုပြီး လူတဦးချင်းစီရဲ့အရည်အချင်းတွေကိုလေ့လာသုံးသပ်နိုင်ရုံမက၊လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါခန့်မှန်းတွက်ချက်လို့ရနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

"ပညာရပ်များကိုနက်ရှိုင်းစွာ လေ့လာသင်ယူခြင်းမှသည်တိုးတက်သော လူ့ဘောင်ဆီသို့"

ခင်မမမျိုး(၁၅၊၉၊ ၂၀၁၀)

ရည်ညွှန်းကိုးကား။

Entwistle, N. J. andMaton, F. (1984) 'Changing Concepts of Learning', in Marton, F.,Hounsell, D. and Entwistle, N. J. (eds) The Experience of Learning,Edinburgh, Scottish Academic Press

Marton, Saljo (1976)'On Qualitative Differences in Learning I: Outcomes and Processes',British Journal of Educational Psychology, 45, 4-11.

Marton, Saljo (1976)'On Qualitative Differences in Learning II: Outcome as a function ofthe learner's conception of the risk', British Journal of EducationalPsychology, 46, 115-117.

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ

နိဒါန်း

အချိန်ကား (၁၉၉၉) ခု၊ ဒီဇင်ဘာလ။
နေရာကား အမေရိကန်ပြည်ထောင်စုမှ စီးတယ်လ်မြို့။

နိုင်ငံပေါင်းတစ်ရာကျော်မှ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းအရာကား လွန်ခဲ့သော ငါးနှစ်ကဖွဲ့စည်းထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၀န်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ကြရန်ဖြစ်သည်။ သာမန်အားဖြင့်ကြည့်လျှင် နိုင်ငံတကာအဖွဲ့အစည်းတခု၏ ၀န်ကြီးများအဆင့် အစည်းအဝေးတခုသာဖြစ်သည်။

သို့ပေမယ့် ထိုအစည်းအဝေးကြီးသည် ကမ္ဘာတ၀ှမ်းမှ လူအများ၏ အာရုံကိုဆွဲယူနိုင်ခဲ့သည်။ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းဖြစ်မှုများသည် အမေရိကန်ပြည်ထောင်စု စီးတယ်လ်မြို့ငယ်လေး၏ လမ်းများပေါ်တွင် ပြည့်နှက်နေခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို စောင့်ကြည့်ထိန်းချုပ်နိုင်သော သတ်မှတ်ချက်များပါဝင်သည့် စနစ်တခုပေါ်ပေါက်လာကာ တကမ္ဘာလုံး၌ စီးပွားရေး အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ခဲ့ကြသော်လည်း၊ လူတိုင်းသည် ထိုအမြင်အား လက်ခံခြင်းမရှိကြောင်း စီးတယ်လ်ဖြစ်ရပ်က သက်သေပြနေခဲ့သည်။

စီးတယ်လ်ဆန္ဒပြပွဲတွင် မီဒီယာများမှ အဓိကအာရုံစိုက်ခြင်းခံခဲ့ရသည့် အုပ်စုနှစ်ခုမှာ အမေရိကန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံဆော်သူများ ဖြစ်ကြသည်။ ပထမတမျိုးက ဈေးပေါသော သွင်းကုန်များကြောင့် အလုပ်များဆုံးရှုံးမှုကို ထောက်ပြဝေဖန်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူများကတော့ လွတ်လပ်စွာကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော Ecological damage ကို ထောက်ပြခဲ့ကြသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးသော ပြည်သူများအရေးကိုလည်း ပြောဆိုခြဲ့ကသည်။

မီဒီယာများကို အံ့အားသင့်အာရုံစိုက်စေခဲ့သည့် အချက်ကား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ဆုံးဖြတ်ချက် များချမှတ်ရာဖြစ်စဉ်တွင်းမှ ဖယ်ရှားခြင်းခံထားရသည်ဟု ခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှတရားဝင် ကိုယ်စားလှယ်များ၏ စကားသံများဖြစ်သည်။ ဖွံဖြိုးဆဲနိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ တွင်လည်း အဖွဲ့ကြီးနှင့်ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုများ ရှိနေခဲ့လေသည်။ သို့ဖြစ်ရာProtests များသည်  စီးတယ်လ်မြို့လမ်းများပေါ်တွင်သာမက ကွန်ဖရင့်ခန်းမများအတွင်းထိပင် ရှိနေခဲ့ပြီး၊စီးတယ်လ် ၀န်ကြီးများ အဆင့်အစည်းအဝေးသည် မည်သည့်သဘောတူညီချက်မျှမရပဲ ပြီးဆုံးသွားခဲ့ရလေသည်။ "The Battle in Seattle” ဟူ၍တော့ အမည်တွင်ကျန်ရစ်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို နှစ်နှစ်လျှင်တကြိမ် ကျင်းပလေ့ရှိရာ နောက်တကြိမ်တွင်ကား စီးတယ်လ်သင်ခန်းစာကိုယူ၍၊ ဆန္ဒပြသူများ၏ အ၀င်အထွက်နှင့် ပြုမူဆောင်ရွက်ပုံကို ထိန်းချုပ်နိုင်သော အရှေ့အလယ်ပိုင်းဒေသ Qatar နိုင်ငံ၊ ဒိုဟာမြို့တော်၌ (၂၀၀၁)၊ နိုဝင်ဘာလတငွ် ထပ်မံကျင်းပခြဲ့ကသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှု new round ဖြစ်သော Development Round ကို ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မကျေမနပ်ဖြစ်နေ ကြဆဲ ပင်ဖြစ်သည်။

ယခုဆောင်းပါးတွင် အဆိုပါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ၊ မကျေလည်မှုများအကြောင်းကို ရေးသားတင်ပြမည်ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍ အချို့က အချုပ်အခြာအာဏာရှိသော နိုင်ငံများအပေါ်တွင် ပေါ်လစီများချမှတ်နေသည့် supranational government ဟု ထင်မှတ်နေကြပါသည်။ လက်တွေ့မှာမူ အဆိုပါအဖွဲ့သည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို ထိန်းကျောင်းနိုင်သည့် သတ်မှတ်ချက်များနှင့် ပတ်သက်သောအဖွဲ့တခုသာဖြစ်ပါသည်။ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများကျင်းပရာ ဖိုရမ်တခုသာ ဖြစ်ပါသည်။ သတ်မှတ်ချက်စည်းမျဉ်းများကိုကား များသောအားဖြင့် consensus ဖြင့် သဘောတူလေ့ရှိရာ အဆုံးသတ်တွင် အားလုံးပျော်ရွှင်ရလိမ့်မည်ဟုကား မဆိုနိုင်ပါ။

နိုင်ငံရေး၊ စီးပွားရေးစနစ်များကွဲပြားမှုရှိသော ကမ္ဘာကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတရပ်ဖြစ်သဖြင့် ခက်ခဲသော Bargaining များရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများအပေါ်၌တွန်း အား ပေးသော WTO အမြင်တခုအနေဖြင့် သီးသန့်မရှိပါ။ အခြေခံဖွဲ့စည်းပုံအရ ဆိုလျှင်တော့စည်းမျဉ်း များအား လုံးသည် အဖွဲ့ဝင်နိုင်ငံများအကြားမှ သဘောတူညီချက်များဖြစ်ပြီး၊ သက်ဆိုင်ရာအစိုးရ ပါလီမန်များမှ သတ်မှတ် ပေးထားသော စည်းမျဉ်းများဖြစ်ပါသည်။ မည်သည့်နိုင်ငံကိုမျှအဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် တွန်းအားပေးထားခြင်းမရှိပါ။ များသောအားဖြင့် WTO အဖွဲ့ဝင်များသည် နိုင်ငံများဖြစ်ကြပါသည်။ သဘောတူညီချက်များသည်ကုန်သွယ်ရေး မူဝါဒနှင့် သက်ဆိုင်ရာများဖြစ်သဖြင့် ဒေသတခုချင်း၏ ကုန်သွယ်ရေးမူဝါဒကိုထိန်းကျောင်းသော အုပ်ချုပ်ရေး ဆိုင်ရာယူနစ်များအနေဖြင့်လည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

ဥပမာ- ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ခြင်းနှင့် အခြားအဖွဲ့ဝင် မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်ရာ၌ တူညီသော မူဝါဒ ရှိခြင်း စသည်တို့ကြောင့် WTO ၏အဖွဲ့ဝင် ဖြစ်ပါ သည်။ ထို့အပြင် (၁၉၉၅)ခုနှစ်တွင် WTO ဖွဲ့စဉ်က founding member ဖြစ်သောဟောင်ကောင် သည် တရုတ်ပြည်မနှင့် ပြန်လည်ပေါင်းစည်းပြီး ဖြစ်လင့်ကစား၊ WTO ၏ အဖွဲ့ဝင်အဖြစ်သီးခြားရပ်တည် နေဆဲဖြစ်ပါ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကား (၂၀၀၁) ခုနှစ်တွင် ခြားနားသောကုန်သွယ်ရေးမူဝါဒရှိသည့် distinct member အဖြစ် WTO သို့ ၀င်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် အဖွဲ့ဝင်များ၏ စည်းမျဉ်းများလိုက်နာမှုကို အချိန်နှင့်အညီစောင့်ကြည့် သုံးသပ်ရန် mechanism နှင့် အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပါက settle လုပ်ရန်mechanism များရှိသော်လည်း၊ စည်းမျဉ်းများကိုကား enforce လုပ်ခွင့်မရှိပါ။ ကမ္ဘာ့ဘဏ်၊အိုင်အမ်အက်ဖ်များကဲ့သို့ပင် အချုပ်အခြာ အာဏာပိုင်နိုင်ငံများမှ ၄င်းတို့၏အကြံကို လိုက်နာရန် elements of consensus များ သတ်မှတ် ထားခြင်းမရှိပါ။ principle အရကြည့်လျှင်တော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည်အဖွဲ့ဝင်နိုင်ငံများ အကြားမှ ကုန်သွယ်မှု အတားအဆီးများကို လျှော့ချနိုင်ရန်နှင့် စည်းမျဉ်းသတ်မှတ်ထားသော ကုန်သွယ်မှုစနစ်တခုကို အဖွဲ့ဝင်နိုင်ငံများမှ ၄င်းတို့ဘာသာ လိုက်နာရန်သာဖြစ်သည်။

သို့ပေမယ့် ဝေဖန်သူအများကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ autonomous bureaucracy အနေဖြင့်မဟုတ်ပဲ၊ ချမ်းသာသောနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မူဝါဒရေဒရာများတွင် ၀င်ရောက်လွှမ်းမိုးနေပါသည်ဟု အဆိုပြုလာကြလေပြီ။ အဘယ်ကြောင့်နည်း။ ဝေဖန်ချက်များကို မဆန်းစစ်မီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ဖြစ်တည်လာရာ မူလအစသမိုင်းကြောင်းကို လေ့လာကြည့်ကြပါစို့။

နောက်ခံသမိုင်းအကျဉ်း (သို့မဟုတ်) ဒိုဟာသို့ ခရီးလမ်း

(၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ၌ ဒိုဟာမြို့တော်တွင် Development Round ပြုလုပ်ခဲ့သောကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ မူလသမိုင်းအစကား (၁၉၄၇) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော GATTဟု အတိုကောက် ခေါ်ကြသည့် General Agreement on Tariffs and Trade သဘောတူညီချက်ဟုဆိုရမည်ဖြစ်သည်။ GATT တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအများစုကြားတွင် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ တပြိုင်တည်း ပြုလုပ်သည့် ရှစ်ကြိမ်မြောက် Multilateral trade negotiations တွင်ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။(၁၉၃၀)ဆယ်စုနှစ်များအတွင်းက ကမ္ဘာတ၀ှမ်းတွင် ဆိုးဝါးလှစွာသော စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ရာ၊ အလုပ်လက်မဲ့ နှုန်းများအလွန်ပင် မြင့်မားခဲ့လေသည်။ ထိုပြဿနာကို နိုင်ငံအများစုက သွင်းကုန်များကိုကန့်သတ်ချက်များပြုလုပ်၍၊ ပို့ကုန်များကို subsidized လုပ်သော ပေါ်လစီချမှတ်၍ ရင်ဆိုင်ဖြေရှင်းခြဲ့ကသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာသော သွင်းကုန်များဝင်ရောက်လာပြီး၊ပြည်တွင်း ထုတ်လုပ်မှုအား ထိခိုက်စေခြင်းကို ကာကွယ်နိုင်သကဲ့သို့ ပို့ကုန်လုပ်ငန်းများတွင်လည်းလုပ်သားဦးရေ တိုးတက် ခန့်ထားမှုများပြုလုပ်နိုင်ပေသည်။ နိုင်ငံတခုချင်းအနေဖြင့် ကြည့်ပါက အဆိုပါ ပေါ်လစီသည် ကျိုးကြောင်း ဆီလျော်မှု ရှိသည်မှာ မှန်သော်လည်း၊ နိုင်ငံအများစုမှတပြိုင်တည်းပြုလုပ်လိုက်သောအခါ 'beggar-thy-neighbor' ပေါ်လစီဖြစ်သွားပြီး အခြေအနေများကိုသာပိုမိုဆိုးဝါးသွားစေခဲ့သည်။ ဥပမာ- ဘောလုံးပွဲတခုတွင် လူတယောက်က မတ်တပ်ရပ်ကြည့်ပါကပိုမိုကောင်းမွန်သော မြင်ကွင်းကို ထိုသူမြင်ရမည်ဖြစ်သော်လည်း လူအားလုံးမတ်တပ်ရပ်ကြည့်ပါက မည်သူမျှကောင်းမွန်သောမြင်ကွင်းကို မြင်ရမည်မဟုတ်ပဲ တိုးဝှေ့ခုန်ကြည့်နေ ရ၍ ပင်ပန်းဆင်းရဲခြင်းသာဖြစ်စေသကဲ့သို့ ဖြစ်လေသည်။

(၁၉၄၇)တွင် GATT ကိုလက်မှတ်ရေးထိုးကြခြင်းမှာ ထိုကဲ့သို့သော (၁၉၃၀) ဆယ်စုနှစ်ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဖြစ်သည်။ ယေဘုယျအားဖြင့် သွင်းကုန်ကန့်သတ်ခြင်းတွင် tariffs (customs duties) နှင့် Quantitative restrictions (quota) ပေါ်လစီနှစ်မျိုးချမှတ်ကျင့်သုံးလေ့ရှိကြသည်။ Tariffs ပေါ်လစီဖြင့် ပို့ကုန်၊ သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံနိုင်ပြီး၊ quota နည်းအားဖြင့်သွင်းကုန် အရေအတွက်အား ကန့်သတ်နိုင်လေသည်။ သို့ဖြစ်ရာ GATT သဘောတူညီချက်အရလက်မှတ်ရေး ထိုးထား သော နိုင်ငံများသည် quota နှင့် export subsidies ပေါ်လစီများကိုပယ်ဖျက်ပေးရမည်ဖြစ်သည်။ Tariffs များလျှော့ချခြင်းကိုမူ principle of reciprocity ပေါ်တွင် အခြေခံ၍ နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်သည်။

ဥပမာ- နိုင်ငံအေသည် နိုင်ငံဘီမှ တင်သွင်းသောသွင်းကုန်များအပေါ်တွင် tariffs များ လျှော့ချပါက အပြန် အလှန်အားဖြင့် နိုင်ငံအေမှတင်သွင်းသောကုန်ပစ္စည်းများအပေါ်တွင် နိုင်ငံဘီမှ tariffs reductions များ ပြုလုပ်ရန်ဖြစ်သည်။ GATT အရ (၁၉၄၇)မှ (၁၉၇၀)ကာလများအထိ multilateral negotiations ခုနစ်ကြိမ်ပြုလုပ်ခဲ့ရာ၊ဖွံ့ဖြိုးပြီးနိုင်ငံများအကြား စက်မှုထုတ်ကုန်များကုန်သွယ်ရေးမှ tariffs အတားအဆီးများကို သိသာထင်ရှားစွာလျှော့ချနိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက်မူ GATT အား ကနဦးလက်မှတ်ရေးထိုးသော နိုင်ငံ (၂၃)နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခဲ့ပြီး နောက်ပိုင်းကာလများတွင် ထပ်မံလက်မှတ်ရေးထိုးသော နိုင်ငံများ ရှိခဲ့သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများ၏ motives နှင့် free trade အိုင်ဒီယာများအပေါ်တွင် သံသယများရှိနေခဲ့လေသည်။

သို့ဖြစ်ရာအနှစ်လေးဆယ်နီးပါး ကုန်သွယ်မှုအတားအဆီး လျှော့ချရေးလုပ်ဆောင်ချက်များတွင်ဖွံ့ဖြိုးဆဲ  နိုင်ငံများမှ တက်ကြွစွာပါဝင်မှုအား နည်းပါးခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၄င်းတို့၏ ကုန်သွယ်မှုအတား အဆီးများအား လျှော့ချခြင်းမပြုခြဲ့ကသကဲ့သို့ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ reciprocal concessions များကိုလည်း ရရှိခြဲ့ခင်း မရှိခဲ့ပါ။

အထက်ပါအခြေအနေများသည် (၁၉၈၀) ဆယ်စုနှစ်များတွင်ကား အပြောင်းအလဲများ ဖြစ်လာခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးပြီး၊ ပို့ကုန်များ ပြည်ပဈေးကွက်တွင်ယှဉ်ပြိုင်နိုင်မှု မှာလည်း ကျဆင်းလာခဲ့သ ည်။ အာရှဈေးကွက်တွင်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် export လုပ်ခြင်းဖြင့်တဟုန်ထိုးတက်လာခဲ့သည်။ ထိုသို့သော ပြောင်းလဲမှုအခြေ အနေများတွင် ကမ္ဘာ့ဘဏ်နှင့်အိုင်အမ်အက်ဖ်တို့မှ ဖိအားများဖြင့် ပေါင်းစပ်လိုက်သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှုအတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်ရသည့် trade liberalization ပေါ်လစီကို မလွဲမသွေအကောင်အထည်ဖော်ကြရတော့သည်။

ဤသို့ဖြင့် (၁၉၈၆) တွင်ကား ရှစ်ကြိမ်မြောက် multilateral negotiations စတင်ခဲ့သည်။ Uruguay Round ဟူ၍ နောင်တချိန်အမည်တွင်လာသည့် အဆိုပါ roundသည် ယခင်ပွဲများထက်စာရင်ပိုမိုအောင်မြင်မှု ရှိသကဲ့သို့ အချိန်လည်းပိုကြာခဲ့သည်။ နိုင်ငံများလည်း ပိုမိုစုံလင်စွာပါဝင်လာခဲ့သည်။(၁၉၉၄) တွင် အဆုံးသတ်ချိန်၌ကား သဘောတူညီချက်နှင့်နားလည်မှု (၃၀)ကျော်ကိုလက်မှတ်ရေးထိုး နိုင်ခြဲ့ကပြီး၊ WTO ဟူသော ကမ္ဘာ့ကုန်သွယ် ရေး အဖွဲ့ကြီးကို တည်ထောင်နိုင်ခဲ့ကြသည်။အစပထမတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် သိသာထင်ရှားသော concessions များပြုလုပ်ခြဲ့ကပြီး၊ ဈေးကွက်များကို ဖွင့်ပေးခြဲ့ကသည်။ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများ မှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်များနှင့် အ၀တ်အထည် ပစ္စည်းများအား စည်းမျဉ်းခံ trade liberalization ပြုလုပ်ပေးရန် ကတိပြုခြဲ့ကသည်။ အဓိကအနေဖြင့် -

  • ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariffs များ၊ subsidies များလျှော့ချရန် သဘောတူညီခဲ့ကြသည်။
  • လယ်ယာကဏ္ဍအား reciprocal concessions framework အတွင်းသို့ ထည့်သွင်း၍၊ မိမိတို့လယ်သမားများအား ပြည်ပဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။
  • trade liberalization အား အခြားသော ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများတွင်ပါ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြသည်။
  • GATT/ WTO framework အရ intellectual property rights ကို အကာအကွယ်ပေးရန်ကိုလည်း သဘောတူညီခြဲ့ကသည်။

အလားတူ concessions များကို ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း သဘောတူညီခဲ့ကြသည်။ သို့ပေမယ့် မတူညီသော စီးပွားရေးအခြေအနေများနှင့် သဘောတူညီချက်များမှ အားနည်းချက်များပေါ်တွင် အခွင့်အရေး ယူတတ်မှုများကြောင့် ဖြစ်ပေါ်လာသည့်ရလာဘ်များမှာကား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မတူညီခဲ့ပါ။ မည်သို့ဆိုစေ WTO framework သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ပေါ်လစီများအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံကြီးများမှ WTO စည်းမျဉ်းများနှင့်ကစားကာ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် အခွင့်အရေးယူမှုများ ပြုလုပ်ခြယ်လှယ် နေသည်ဟု အချို့က ဆိုနေကြပါပြီ။ လက်တွေ့မှာဘာတွေဖြစ်ခဲ့ကြသနည်း။

ဈေးကွက်ရေးရာ မျှော်လင့်ချက်အိမ်မက်များ ပျောက်ဆုံးခြင်း

Trade liberalization ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခဲ့ကြသည့်အဓိက ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်များသို့ ၄င်းတို့၏ပိုကုန်များ အလွယ်တကူဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ သို့ရာတွင်ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည် ယင်းတို့၏ပို့ကုန်တိုးမြှင့်ရေးမျှော်လင့်ချက်များကို ပိတ်ဆို့ပစ်ခဲ့သည်။

ဥရုဂွေးသဘောတူညီချက်အရ လယ်ယာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုတွင် quota များအား လျှော့ချပစ်ရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှ မိမိတို့၏ လယ်သမားများအား free trade ၏ risks များအကြားသို့ expose မလုပ်ခြဲ့ကပါ။ quota များအား အလားတူ tariffs များဖြင့် အစားထိုး၍ တဖြည်းဖြည်း လျှော့ချရေးကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အလားတူ tariffs များဖြင့် အစားထိုးရန် နိုင်ငံများအား မိမိတို့ဘာသာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းသည် ကြီးမားလှစွာသော စည်းမျဉ်းဆိုင်ရာ အမှားအယွင်းကြီး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံအများစုသည် tariffs များ ချမှတ်ရာတွင် သာမန်ထက် လွန်စွာမြင့်မားသောနှုန်းများဖြင့် ချမှတ်ကြရာ အချို့သောပစ္စည်းများအတွက် တန်ဖိုး၏ အဆနှစ်ရာ၊ သုံးရာအထိ ချမှတ်လိုက်သည်များအထိပင် ဖြစ်ပွားလာခဲ့လေသည်။ ထိုသို့ချမှတ်ခြင်းဖြင့်အဆိုပါ နိုင်ငံများသို့ တင်သွင်းသော သွင်းကုန်များ၏ တန်ဖိုးသည်လည်း အဆနှစ်ရာ၊ သုံးရာမြင့်တက်သွားသည်ဖြစ်ရာ၊ ပြည်တွင်း ထုတ်ကုန်များနှင့် ဈေးကွက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ပေ။  ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံများသည် ဆန်တင်သွင်းမှု tariffs ကို အဆပေါင်း ၅၅၀ ထိတိုးမြှင့်ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ကား အဆိုပါ ဖြစ်စဉ်များတွင် အဆိုးဝါးဆုံးသော offender ဖြစ်သဖြင့် 'dirty ratifications' ဟုပဲ အများကသတ်မှတ် ခေါ်ဆိုကြလေသည်။ ထိုသို့အစပိုင်းတွင် အမြင့်မားဆုံးနှုန်းများဖြင့် ချမှတ်လိုက်ကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးတွင် သဘောတူညီထားသောtariffs လျှော့ချခြင်းမှာ အဓိပ္ပာယ်မြဲ့ဖစ်သွားခဲ့လေသည်။ထိုကဲ့သို့ သော ဈေးကွက် ၀င်ရောက်ယှဉ်ပြိုင်နိုင်မှုအား ထိန်းချုပ်မှုများအကြားတွင် ထပ်မံဆိုးရွားလာသောဖြစ်ရပ်ကား ဖွံ့ဖြိုးပြီး နိုင်ငံအစိုးရများသည် ၄င်းတို့လယ်သမားများအား subsidies အဖြစ်ပေးသည့်ငွေကြေးနှုန်းအား၊ ဖံွ့ဖြိုးဆဲ နိုင်ငံများမှ လယ်သမားများနှင့် ယှဉ်ပြိုင်နိုင်ရန် အကြောင်းပြ၍တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အလားတူ ထောက်ပံ့ ကြေးများအား အစိုးရများမှ မပေးနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများသည် ဈေးသက်သာ သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်းဈေးကွက်တွင် ၀င်ရောက်ယဉ်ြပြိုင်နိုင်ရန်ကား မဖြစ်နိုင်တော့ ပေ။ ထိုသို့သော ပြဿနာများကြောင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီချက်များ မည်သို့ပင် ရှိနေစေကာမူ လယ်ယာထုတ်ကုန်ကဏ္ဍတွင် သိသာထင်ရှားသော trade liberalization ဖြစ်စဉ်များ မရှိလာခဲ့ပါ။ အဆိုပါကိစ္စများအား (၂၀၀၂) ခုနှစ်တွင hannesburg ၌ကျင်းပသော Earth Summit တွင် အကြီးအကျယ် ငြင်းခုန်ဆွေးနွေးခဲ့ကြသည်။ သို့ပေမယ့် tariffs များကား ကြီးစွာသောနှုန်းထားများဖြင့် ဆက်လက်ရှိနေ ဆဲသာဖြစ်သည်။

အလားတူစွာပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြားတွင်လည်း ကြီးစွာသော ပဋ္ဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။ အထည်အလိပ် ကုန်သွယ်မှုတွင်လည်းဥရုဂွေးသဘောတူညီချက် များတွင် proviso နှင့် loophole များ ရှိနေခဲ့ပါသည်။ သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျှော်လင့်ထား သည့် အချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှထုတ်ကုန်များကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် (၁၉၉၅) တွင် ချမှတ်ထားသော quantitative restrictions များအား ဆယ်နှစ်တာကာလနောက်ပိုင်းတွင် ၄၉% လျှော့ချပေးရန် ဆိုသည့်အချက်သာဖြစ်ပါသည်။ သဘောတူညီချက်များလက်မှတ်ရေးထိုးစဉ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤအချက်မှာ သဘောတူညီချက်၏ ချက်ချင်းသက်ရောက်မှုကို ဆွဲဆန့်ထားသော proviso မှန်းမသိခဲ့ကြ။ ပိုဆိုးသည်ကား ဖွံ့ဖြိုးပြီး နိုင်ငံများမှ အရေအတွက်အရ ထိန်းချုပ်ထားသည့်သွင်းကုန်များအားထိန်းချုပ်မှု ဖယ်ရှားချိန်တငွ ဖွံ့ဖြိုးဆဲနိုင်ငံသွင်းကုန်များ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့မည့် targetsများချမှတ်ထုတ်လုပ် ထားခြင်းပင်ဖြစ်သည်။

တဖန် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥရုဂွေး သဘောတူညီချက်အရ စက်မှုလုပ်ငန်းရှင်များအတွက် tariffs များ လျှော့ချပေးသည်မှန်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက တင်သွင်းသော စက်မှုထွက်ကုန်များအပေါ်တွင် ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ထို့အပြင် degree of processing မြင့်မားသောကုန်ပစ္စည်းများ အတွက်လည်း ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။

ဥပမာ- ဥရောပသမဂ္ဂနိုင်ငံများသို့ cigar တင်သွင်းမှုသည် raw tobacco တင်သွင်းမှုထက် ပို၍ tariffs များပြီး၊ processed food များသည် unprocessed food များထက် ပို၍ tariffs များလေသည်။အထည်အလိပ် ပစ္စည်းများတွင်လည်း fabrics များသည် thread ထက်ပို၍ tariffs များများသတ်မှတ်ခြင်းခံရလေသည်။ ထိုကဲ့သို့သော Tariff escalation လုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၄င်းတို့၏ အစဉ်အလာ ကိုလိုနီခေတ် ကုန်သွယ်ရေး ပုံစံဖြစ်သောကုန်ကြမ်းများနှင့် ရိုးရှင်းသောစက်မှုထုတ်ကုန်များ တင်ပို့ခြင်းတွင်သာ ဖက်တွယ်ထားစေရန် အားပေးနေသကဲ့သို့ ဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် processed product များအား ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပိုမိုချိုသာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်နိုင်စေကာမူ၊ ဖွံ့ဖြိုးပြီး နိုင်ငံများသို့ တင်သွင်းရာတွင် မြင့်မားသော tariffs များကို ရင်ဆိုင်ရသဖြင့် ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲများစွာကို ဖြစ်ပွားစေတော့သည်။

အထက်ပါ ဈေးကွက်ရေးရာ မျှော်လင့်ချက်များ ပျောက်ဆုံးခြင်းထက် ပို၍ ထိခိုက်သော အကြောင်းအရာများသည်ကား liberalization မှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  Economic Liberalization လုပ်ရာမှ ထွက်ပေါ်လာတက်သော ဘေးထွက်ဆိုးကျိုးများ

Free Trade နှင့် ပတ်သက်၍ ဘောဂဗေဒသီအိုရီတွင် အခြေခံ proposition တခုရှိပါသည်။ ယင်းမှာ အခြေအနေ အတိုင်းအတာ တခုတွင် Free Trade သည် တိုင်းပြည်အတွက် အကျိုးရှိစေသည် မှန်သော်လည်း Free Trade ဖြစ်အောင် ညှိယူနေဆဲကာလများတွင် စီးပွားရေးအဆောက်အအုံထဲမှ အချို့ကဏ္ဍများ ကျဆင်းပြီး၊ အချို့ကဏ္ဍများ တိုးတက်တတ်သည် ဟူ၍ဖြစ်သည်။ ပညာရှင်များက ဤသည်ကို sunrise sector များနှင့် sunset sector များဟူ၍ ခေါ်ဝေါ်သတ်မှတ်ကြသည်။ ကုန်သွယ်မှုတံခါးများ ဖွင့်လိုက်ချိန်တွင် ပြည်တွင်း ထုတ်လုပ်သူများသည် ကမ္ဘာတ၀ှမ်းတွင် ရှိနေသော နည်းပညာအပြောင်းအလဲ၊ စားသုံးသူလိုအင်နှင့် အစိုးရမူဝါဒများကို ဘွားခနဲ ရင်ဆိုင်တွေ့လိုက်ရတတ် လေ့ရှိသည်။ အဆိုပါ အခြေအနေမျိုးတွင် တိုင်းပြည်၏ ထုတ်လုပ်မှုအပေါ်သို့ ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှုများ ရှိလာတတ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ နိုင်ငံတကာကုန်သွယ်ရေး၏ ပြောင်းလဲတိုးတက်မှုများနှင့် အညီ လေ့ကျင့်သင်ကြားရေး စီမံချက်များ၊ အလုပ်လက်မဲ့ ကူညီထောက်ပံ့ကြေးများ ရှိတတ်ပါသည်။ အထက်တွင် ဖော်ပြခဲ့ဖူးသော ဥပမာကဲ့သို့ပင် နိုင်ငံတကာကုန်သွယ်ရေးတွင် ယှဉ်ပြိုင်မှုအားကောင်းလာစေရန် လယ်သမားများအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းများ၊ လုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေးခြင်းများ တွင်တွင်ကျယ်ကျယ် ရှိပေသည်။ Free Trade ကြောင့် ဖြစ်ပွားလာသော sunset sectors များမှ အလုပ်သမားများကိုလည်း အခြားသင့်လျော်ရာ ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်ပေးသော အစီအစဉ်များ ရှိလေသည်။ သိုရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ အလုပ်လက်မဲ့ထောက်ပံ့ကြေးများနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုကြောင့် လျော့နည်းကျဆင်းသွားသော စီးပွားရေးကဏ္ဍများမှ လုပ်သားများအား အခြားကဏ္ဍများတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ နည်းပါးလေသည်။

ဥပမာ- ဥရောပသမဂ္ဂတွင် စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြီးထွားလာသော နေရာဒေသများအတွက် structural funds များ ချမှတ်ပေးသော မူဝါဒများ ရှိလေသည်။ အဆိုပါ မူဝါဒများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးရန်ကား မဖြစ်နိုင်ပေ။ ၄င်းအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် safety net ဟုခေါ်သော အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို ပင်စင်၊ ဆင်းရဲနွမ်းပါး မိသားစုများအား ငွေကြေးထောက်ပံ့မှု စသည်များ နည်းပါးသည်ဖြစ်ရာ economic liberalization နှင့် အတူယှဉ်တွဲအသုံးပြုရမည့် လူမှုအသုံးစရိတ် (Social Spending) တွင် အားနည်းချက် ရှိခြင်းကြောင့် လူမှုရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Social consequences) များ ထွက်ပေါ်လာတတ်လေသည်။ ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Dani Rodrik က ဒုတိယကမ္ဘာစစ်အပြီးကာလက ဖွံ့ဖြိုးပြီး နိုင်ငံများသည် economic liberalization, trade liberalization မူဝါဒများကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရများမှ လူမှုအသုံးစရိတ်များကိုပါ ဖူဖူလုံလုံ အသုံးပြုခဲ့ကြောင်း လေ့လာဖော်ပြခဲ့ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူမှုအသုံးစရိတ် သုံးစွဲရေးတွင် အခက်အခဲ အမျိုးမျိုးရှိနေတတ်သည်။ အခက်အခဲတမျိုးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အုပ်ချုပ်နေသော သက်ဆိုင်ရာ အစိုးရများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အသုံးစရိတ်များထက် စစ်အသုံးစရိတ်များကို ပိုမိုသုံးစွဲခြင်း ရှိနေပါက မည်သို့သော economic liberalization မူဝါဒများကို အကောင်အထည် ဖော်နေစေကာမူ တိုင်းပြည်စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများ မလွဲမသွေ ဖြစ်ပွားနေမည်သာ ဖြစ်သည်။ အခြားအခက်အခဲ တမျိုးမှာကား သက်ဆိုင်ရာ အစိုးရများသည်း နိုင်ငံခြား ထောက်ပံ့မှုပေါ်တွင် မှီခိုသော စီးပွားရေးမူဝါဒများ ကျင့်သုံးရခြင်းမှ ထွက်ပေါ်လာနိုင်သော အခက်အခဲတရပ်ဖြစ်သည်။ ပြည်ပ ထောက်ပံ့မှုများအပေါ်တွင် မှီခိုသည့် (aid dependency model) ၏ ဆိုးကျိုးတရပ်တွင် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ အစိုးရအသုံးစရိတ်ကို လျှော့ချခိုင်းခြင်း ပြဿနာရှိတတ်သည်။ စစ်အသုံးစရိတ်ကြီးမားသော အစိုးရများ၊ လာဘ်စားမှုများကို တိုက်ဖျက်သည့် အစီအစဉ်များအတွက် ကောင်းမွန်သော်လည်း အမှန်တကယ် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီအစဉ်များတွင် အစိုးရအသုံးစရိတ်များပြားသော နိုင်ငံများကိုမူ တိုက်ရိုက်ထိခိုက်မှုရှိလာတတ်ပြန်သည်။

မည်သို့ဆိုစေ အဆိုပါ အခက်အခဲများ ဖြစ်ပွားနေချိန်တွင် စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် အစွန်းရောက်မှုများကို ဖြစ်ပွားစေနိုင်ပြီး ဦးနှောက်ယိုစီးမှုပြဿနာများကိုလည်း ပေါ်ထွက်စေနိုင်သည်။ တပြိုင်နက်တည်းတွင် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးများမှ ပြည်တွင်းဈေးကွက်ကို ချုပ်ကိုင်၍ ပြည်တွင်းထုတ်လုပ်သူများကို အစားထိုးမှုများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။

နိုင်ငံတကာ စံချိန်စံညွှန်းများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ချမှတ်ထားသော အချို့စံချိန်စံညွှန်းများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ဆောင်မှုများကို အနုတ်လက္ခဏာ သက်ရောက်မှု ရှိနေပြန်သည်။ လယ်ယာပို့ကုန်များတင်ပို့သော နိုင်ငံများသည် ကုန်ပစ္စည်းတင်သွင်းသော နိုင်ငံများမှ သတ်မှတ်ထားသည့် Sanitary and phytosanitary  (SPS) စံချိန်စံညွှန်းများကို ပြည့်မှီရမည် ဖြစ်ပေသည်။ အဆိုပါ သတ်မှတ်ချက်များမှ နိုင်ငံတကာထုတ်ကုန် အဆင့်အတန်း မြင့်မားရေးကို ရည်ရွယ်ခြင်းကြောင့် ကောင်းကျိုးကို ဦးတည်စေသည်ဖြစ်သော်လည်း၊ မိမိနိုင်ငံတွင်းမှ ထုတ်လုပ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြီး အထက်ပါ စံညွန်းများကို အသုံးပြု၍ ပို့ကုန်တင်သွင်းမှုကို တားမြစ်သော နိုင်ငံများလည်း ရှိလေသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးပြီး၊ ကဏ္ဍအလိုက် ကျွမ်းကျင်သော ပညာရှင်များ ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခက်အခဲ မရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော နိုင်ငံများအတွက် အခက်အခဲ၊ အတားအဆီးများ ဖြစ်လာတတ်ပါသည်။

ဥပမာ- ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မှီရန် ကြိုးပမ်းရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariff နှင့် permissible countervailing duties များ တွက်ချက်ခြင်းတွင် ကျွမ်းကျင်ရန် လိုအပ်သည်။ မူပိုင်ခွင့်များ၊ ကျန်းမာသန့်ရှင်းမှုများနှင့် ပတ်သက်သော စံချိန် စံညွှန်းများ ပြည့်မှီစေရန်အတွက် ကျွမ်းကျင်သည့် စစ်ဆေးရေးဝန်ထမ်းများ ခန့်အပ်ထားရှိရမည်။ ယင်းသို့သော လုပ်ငန်းဆောင်တာများအတွက် institutional development အတိုင်းအတာတခုအထိ လိုအပ်သည်ဖြစ်ရာ ကနဦးအစမှ အကောင်အထည်ဖော်ရသော နိုင်ငံများအတွက် ကြီးစွာသော အသုံးစရိတ်များ ပေါ်ထွက်လာပါတော့သည်။

စီးပွားရေးပညာရှင် Finger နှင့် Schuler တို့က အဆိုပါ အသုံးစရိတ်များနှင့် ပတ်သက်၍ နှိုင်းယှဉ်တွက်ချက်လေ့လာကြည့်ရာတွင် စံချိန်စံညွှန်းဆိုင်ရာ သဘောတူညီချက် သုံးခုဖြစ်သော customs valuation, Trade-Related Aspects of Intellectual Property Rights (TRIPS) နှင့် Sanitary and phytosanitary (SPS) measures တို့အတွက် နိုင်ငံတနိုင်ငံချင်းစီအလိုက် ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း (၁၅၀) ဖြစ်ကြောင်း တွေ့ရှိခြဲ့ကပါသည်။ ယင်းပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက် ပမာဏ ထက် ပိုမိုမြင့်မားပါသည်။ သို့ဖြစ်ရာ အချို့သော ပညာရှင်များက ဖွံ့ဖြိုးပြီး နိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အရှိန်အ၀ါကို အသုံးပြု၍ ယင်းတို့တွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးပြီးဖြစ်သော institutions များနှင့် စံချိန်စံညွှန်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများအား အတင်းအကြပ် ဖိအားပေး သုံးစွဲစေသောကြောင့် ဖွံ့ဖြိုးဆဲတိုင်း ပြည်များ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေသည်ဟု ဝေဖန်ပြောဆိုကြပါသည်။

နိဂုံး

မည်သို့ဆိုစေ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်မှုများသည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပေါ်တွင် များစွာ မူတည်ပါသည်။ ယင်းသို့သော အခြေအနေတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးမှ ပြုလုပ်အကောင်အထည်ဖော်နေသော negotiated rule-making စနစ်သည်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှန်တကယ်လိုအပ်နေသော ဖံွ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိ ဖြစ်နေဆဲပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည်ကား စဉ်ဆက်မပြတ် ဆက်လက်ရှိနေဦးမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
× × × × ×
ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၀၉)


ရည်ညွှန်းကိုးကားစာရင်း

  • Bhattacharjea, A. (2004) 'Developing Countries in the world trade regimes' in Mackintosh (eds.) Making the International: Economic Interdependence and Political Order, London, Pluto Press
  • Chang, H. (2002) Kicking Away the Ladder: Development Strategy in Historical Perspective, London, Anthem Press
  • Das, B. (1998) WTO Agreements: Deficiencies, Imbalances and Required Changes, London, Zed Books
  • Finger, J. & Schuler, P. (2000) 'Implementation of the WTO Commitments: the development challenge in Hokeman, B, English, P. and Matto, A. (eds) Development, Trade and WTO: A Handbook, Washington DC, World Bank
  • Oxfam (2002) Rigged Rules and Double Standards: Trade, Globalization and the Fight against Poverty, London, Oxfam
  • Rodrik, D. (2001) The Global Governance of Trade as if Development really mattered, New York, UNDP